Monday, January 28, 2008

ဗြိတိန်စီးပွားရေး ၃.၁% တိုးတက်

လန်ဒန်၊ ဇန်န၀ါရီလ (၂၃)ရက်၊ ၂၀၀၈(Xinhua) ။ ။ ဗြိတိန်စီးပွားရေးသည် ၂၀၀၇ ခုနှစ်တစ်ခုလုံးတွင် ၃.၁% တိုးတက်ခဲ့ပြီး၊ သုံးနှစ်အတွင်းအလျှင်မြန်ဆုံးနှုန်းထားဖြစ်သည်။ သို့သော် ကြွေးမြီချေးယူခြင်း၊ ချေးငှားခြင်းများကို ဆက်လက်ကန့်သတ်ထားရှိသည့် အတွက် လွန်ခဲ့သောသုံးလအတွင်း စီးပွားရေးတိုးတက်မှုနှုန်း ပြန်လည်ကျဆင်းခဲ့ကြောင်း တရားဝင်စာရင်းဇယားများအရ သိရသည်။


လာမည့်လတွင် အင်္ဂလန်ဘဏ်မှ အတိုးနှုန်းများကို လက်ရှိ ၅.၅% မှ ၅.၂၅% သို့လျှော့ချမည်ဖြစ်သည်။ ဗဟိုဘဏ် ဥက္ကဌမှပြောကြားရာတွင် ၂၀၀၈ခုနှစ်တွင် စွမ်းအင်ဈေးများ၊ အစားအသောက်ဈေးများ မြင့်တက်မည်။ နိုင်ငံခြားငွေလဲနှုန်း ကျမည်။ သွင်းကုန်ဈေးမြင့်ပြီး၊ ငွေဖောင်းပွမှု ခန့်မှန်းထားသည်ထက် ၂% အထက်တွင်ရှိမည်။ စားသုံးသူဈေးဆနှုန်းကိန်းဖြင့်တွက်ချက်သော ငွေဖောင်းပွမှုနှုန်းသည် ၃%ထိရောက်ရှိနိုင်ပြီး၊ ထိုထက်ကျော်သွားနိုင်သည် ဟုပြောကြားခဲ့သည်။

၎င်းသည် အမေရိကန်စီးပွားရေး ကျဆင်းလာမှု၏ အကျိုးဆက်များဖြစ်ပြီး၊ အခြားကမ္ဘာ့ စတော့ဈေးကွက်များ အပေါ်အကျိုးသက်ရောက်မှုရှိနိုင်ကြောင်းပြောကြားခဲ့သည်။ အင်္ဂလန်ဘဏ်၏ ငွေကြေးဆိုင်ရာမူဝါဒရေးရာ အတိုးနှုန်းများသတ်မှတ်ရေး ကော်မတီမှ လက်ရှိအတိုးနှုန်း ၅.၅%ကိုပြင်ဆင်သတ်မှတ်ရန် အစည်းအဝေးကို ဖေဖော်ဝါရီလ ၆ ရက်နှင့် ၇ ရက်နေ့များတွင် ကျင်းပသွားမည်ဟုသိရသည်။


No comments: